

သတိုး
၉. ၆. ၂၀၂၆
တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများကို ဒေသအလိုက် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ မြေနှင့် ရေကို စိုက်ပျိုးရေးလုပ်ငန်းအတွက် ထိရောက်စွာအသုံးချရန် မှာကြားစဥ် ရေအသုံးချမှုနှင့် စပ်လျဥ်း၍ ထည့်သွင်းပြောကြားသည်။
မိမိတို့တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများမှ စီးဆင်းလာသည့်ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချနိုင်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ အသုံးပြုနိုင်မှုမရှိသေးသည်ကို အချက်အလက်များ အရသိရှိရကြောင်း၊ အဆိုပါရေများကို စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားအကျိုးရှိသည့် နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ အပြည့်အဝအသုံးချနိုင်ရန်အတွက် ရေသိုလှောင်ထိန်းသိမ်းရန် နေရာများလိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေ စိုးမိုးမှုအပြည့်အဝ ဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များရှိနေသည့် အချို့ဒေသ များ၌ မြစ်ချောင်းများအနီး တရားမဝင် ရွှေတူးဖော်သည့်လုပ်ငန်းများကို အလွန်အကျူး လုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများတိမ်ကောခြင်း၊ နုန်းပို့ချမှုများပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ကြောင့် ဒေသအလိုက်မှ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ် စေရေးတို့အတွက် တရားမဝင်ရွှေတူးဖော်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိတို့ ဒေသအလိုက် တရားမဝင်ရွှေတူး ဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင် ရာသို့ သတင်းပေးပို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းနိုင်ရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ထပ်ဆင့်ပြောကြားသည်။
ယင်းအပြင် နိုင်ငံအတွင်းရှိမြစ်ချောင်းများ၌ နုန်းဆယ်ခြင်း လုပ်ငန်းများ၊ ရေ အရင်းအမြစ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ပြီး ရေသယံဇာတကို အကျိုးရှိရှိ အသုံးချသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ မြေအောက်တမံများ တည်ဆောက်၍ ရေအရင်းအမြစ် များကို ထိန်းသိမ်းနိုင်ပြီး မြေဆီ၏အစိုဓာတ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သည့် ရေအရင်းအမြစ်များကို လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ရေသုံးစွဲရာတွင် အဟောသိကံအသုံးပြုခြင်းမဖြစ်စေဘဲ ရေသုံးစွဲမှုများကိုစနစ် တကျဖြစ်အောင်ဆောင်ရွက်တတ်သည့် ပညာရပ်များကို အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်း များ၌ သင်ကြားပေးသွားကြရန်လိုကြောင်း၊ ရေအရင်းအမြစ်များကို အကျိုးရှိရှိစီမံ အသုံးချနိုင်မှုမရှိဘဲ အထက်မှအောက်သို့ စီးဆင်းကာ မြစ်ချောင်းများအတွင်း စီးဝင်ခြင်း၊ ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ ရောက်ရှိသွားခြင်းသည် နိုင်ငံတော် အတွက်နစ်နာ ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်ကို သိရှိနားလည်ကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားသည်။
