၂၄.၆.၂၀၂၆
Written By Thandar
အပြုံးမင်းသား စမ်းရေမိုးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ “စီလနှင့်အတူ စမ်းရေမိုးမွေးနေ့ကပွဲ” ကို လာမယ့် ဇူလိုင် ၁၅ ရက်ကနေ ဇူလိုင် ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ၄ ရက်တိုင်တိုင် ဖျော်ဖြေတင်ဆက်မှာလည်း ဖြစ်ပါတယ်။
“မနေ့က စပြီး မင်းသားစမ်းရေမိုးမွေးနေ့ ဖျော်ဖြေပွဲအတွက် လက်မှတ်ရောင်း Post တင်ပြီး လေးနာရီခွဲအတိုင်းအတာအတွင်းမှာ လက်မှတ်အစောင် တစ်ထောင် နီးပါးရောင်းရပါတယ်။ အဲဒီထဲမှာ အရောင်းအများဆုံးကတော့ စျေးများတယ်ထင်တဲ့ လက်မှတ်တွေဖြစ်ပါတယ်။ ခက်ခဲတယ်လို့ ထင်တဲ့အရာကို ဝိုင်းပြီး ပါဝင်ကူညီကျော်ဖြတ်ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒီဖျော်ဖြေပွဲအတွက် AYA Pay နဲ့ Blue Bird Entertainment – Myanmar Digital ticketing နဲ့ pay system နဲ့ ပထမဆုံး ခုံရွေးချယ် ဝယ်ယူခြင်းကို စတင်ခဲ့တာပါ။ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ Blue Bird Entertainment က တာဝန်ရှိသူကပြောပါတယ်။
အဆိုပါဖျော်ဖြေပွဲမှာ မင်းသားလေး စမ်းရေမိုးနဲ့ လင်္ကာဒီပဇာတ်အဖွဲ့တို့ ကပြဖျော်ဖြေမှုကို ခမ်းခမ်းနားနား ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ ဒီပွဲလက်မှတ်တွေကိုတော့ AYA Pay နဲ့ Blue Bird Entertainment – Myanmar Digital ticketing နဲ့ pay system နဲ့ ပထမဆုံးရောင်းချတာဖြစ်ပြီးတော့ လက်မှတ်ဈေးနှုန်းတွေကတော့ ဇာတ်ရုံ အောက်ထပ်ရှေ့ဆုံး အလယ်အထူးတန်းအနေနဲ့ ကျပ် ၃ သိန်းခွဲကနေ ကျပ် ၁ သိန်းခွဲ၊ ဇာတ်ရုံအပေါ်ထပ်ကို ကျပ် ၂ သိန်းကနေ ကျပ် ၁ သိန်းအထိ သတ်မှတ်ရောင်းချနေတာလည်း ဖြစ်ပါတယ်။
“ကျွန်တော့်ကို အမြဲတမ်းအားပေးကြတဲ့ ချစ်ရတဲ့ မိဘပြည်သူတွေ တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။ လာမယ့် ဇူလိုင်လမှာ ကျွန်တော့်ရဲ့ မွေးနေ့အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေမယ့် ပွဲကြီးကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲကြရင်လည်း ချစ်ရတဲ့ ပရိသတ်တွေလည်းဆုံချင်ပါတယ်”လို့ ဇာတ်မင်းသား စမ်းရေမိုးက ပြောပါတယ်။
“စီလနှင့်အတူ စမ်းရေမိုးမွေးနေ့ကပွဲ” ဇာတ်ပွဲကိုတော့ နေ့စဥ် နေ့လယ် ၁ နာရီကနေ ည ၈ နာရီအထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ တင်ဆက်မှာလည်း ဖြစ်ပါတယ်။
#မင်းသားလေးစမ်းရေမိုး #စမ်းရေမိုး #SanYayMoe #လင်္ကာဒီပအဖွဲတော်သားများ #AYAPay #စမ်းရေမိုးမွေးနေ့ပွဲ #သဘင်ပွဲတော် #DigitalTicketing #စီလနှင့်အတူစမ်းရေမိုးမွေးနေ့ကပွဲ #MTEntertainment






